မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ရန်ကုန် ရခိုင် စာပေဟောပြောပွဲ ခွင့်ပြုချက်မရ၍ ဖျက်သိမ်းလိုက်ရ

ထွန်းထွန်း
-----------
ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသော ရခိုင်စာပေ ဟောပြောပွဲကို အာဏာပိုင်များက ခွင့်ပြုချက် မပေးသဖြင့် ဖျက်သိမ်းလိုက်ရကြောင်း သတင်း ရရှိသည်။
အဆိုပါ စာပေဟောပြောပွဲအား သြဂတ်စ် ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ၁၂ ရက်နေ့ထိ ခွင့်ပြုချက် မပေးသေးသဖြင့် ၁၄ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ၁၄ ရက်နေ့တွင်လည်း ခွင့်ပြုချက်မရသဖြင့် နောက်ဆုံးတွင် ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း ရခိုင်ကျောင်းသားလူငယ် ယဉ်ကျေးမှုအသင်းမှု အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
" ဒီလ ၁၂ ရက်နေ့မှာ ဟောပြောဖို့ စီစဉ်ထားတာမှာ ပါမစ်မရတဲ့ အတွက် ၁၄ ရက်နေ့ကို ရွှေ့လိုက်တယ်။ ပါမစ်ရဖို့ အတွက်မြို့နယ် အုပ်ချုပ်ရေးရုံး ကို၂ ရက်လောက်က စပြီး စာတင်ရပါတယ်။ သူတို့က အဲဒီ စာကို လက်ခံ ယူထားလိုက်ပြီး သူတို့ ပြောတာက လူမှုရေး လုပ်ငန်းတွေ ဖြစ်လို့ ပါမစ်တောင် တင်စရာ မလိုဘူး ပြောတယ်။ ဒါပေမယ့် ပြုလုပ်မယ့် ရက်နေ့ကျတော့ ပါမစ် ထုတ်မပေးဘူး။"
အထက်အာဏာပိုင်များ၏ ပြုမူ ဆက်ဆံပုံနှင့် ပတ်သက်ပြီးလည်း သူက ယခုလို ပြောသည်။
" သူတို့က အဲသလို ပြောတော့ တော်တော်ကို ၀မ်းသာ မိခဲ့ပါတယ်။ ခွင့်ပြုချက် ပေးမလိုလိုနဲ့ သူတို့ ချိန်းထား တဲ့ ရက်အတိုင်း ၈ ရက်နေ့မှာ မြို့နယ်ရုံးကို သွားပြီးတော့ ပါမစ် သွားတောင်းတော့ ခရိုင်ရုံးကို တင်ပြရမယ်လို့ ပြောတယ်။ အဲဒါနဲ့ ခွင့်ပြုချက်ရဖို့ ခရိုင်ရုံး၊ တိုင်းရုံး အကုန်လုံးကို သွားပါတယ်။ ဒါပေမယ့် ခွင့်ပြုမိန့်က ကျမလာတော့ ပွဲကျင်းပမဲ့အချိန်ကလည်း နီးကပ်နေတာနဲ့ ပွဲ အစီအစဉ်ကို ဖျက်သိမ်း လိုက်ရတာ ဖြစ်ပါတယ်" ဟုသူကပြောသည်။
ရခိုင်စာပေ ဟောပြောပွဲကို ရန်ကုန်မြို့ရှိ ရွှေတိဂုံ ရခိုင် ဓမ္မာရုံတွင် ကျင်းပရန်နှင့် ရခိုင်သမိုင်း သုတေသီများ ဖြစ်ကြသည့် ဆရာကြီး ဒေါက်တာစောထွန်းအောင်၊ ဆရာကြီး ဦးထွန်းရွှေခိုင်၊ ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်တို့ တက်ရောက် ဟောပြောရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။
ကျင်းပမည့်ပွဲမှာ ပထမဆုံး အကြိမ် ဖြစ်သည့်အတွက် ရခိုင်လူမျိုးများက စိတ်ဝင်တစား မျှော်လင့် နေချိန်တွင် ဟောပြောပွဲကို ဖျက်သိမ်းလိုက်ရသည့်အတွက် နစ်နာဆုံးရှုံးမှုကြီး တခုဖြစ်ကြောင်း သူက ပြောသည်။
"အဓိကတော့ဗျာ ကျွန်တော်တို့ အနေနဲ့ အမျိုးဘာသာ တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး စီစဉ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို စာပေ ဟောပြောပွဲ တွေကို စီစဉ် မပေးနိုင်ခဲ့ဘူးဆိုရင် နောင်လာမယ့် လူငယ်တွေဟာ ဒီထက်မက မိမိ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး ကဏ္ဍမှာ အလွန်တရာ အားနည်း လာမှာ ဖြစ်ပါတယ်။ နောက်တခု ကျွန်နော့်အနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီကို ဖေါ်ဆောင်နေ တယ်ဆိုပြီး အသေးအဖွဲ့ ကိစ္စဖြစ်တဲ့ ခုလို လူမှုရေးပွဲကိုတောင် ခွင့်ပြုမပေးဘူးဆိုတော့ အုပ်ချုပ်တဲ့ အစိုးရဟာ တော်တော်ကို အမျိုးသားရေး ကျဉ်းမြောင်းတယ်လို့ ယူဆပါတယ်" ဟုပြောသည်။
ယခုအခါ ရန်ကုန်ရောက် ရခိုင်များ အတွက် ပြုလုပ်သော စာပေဟောပြောပွဲကို ကျင်းပခွင့် မပြုခဲ့မူကြောင့် အာဏာပိုင်များ၏ လုပ်ရပ်ကို လူမျိုးရေး အရ ဖိနှိပ် စော်ကားမူ အဖြစ် အများက မြင်နေကြကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်