မင်းဆက်ခိုင်
--------------
ပြည်တွင်းတွင် ဖေါ်ထုတ်ခွင့် မရသော စာပေ ယဉ်ကျေးမူ အနုပညာ ဆိုင်ရာ ဆောင်းပါးများ အပါအ၀င် လက်ရှိ မြန်မာနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ထင်ဟပ် ပေါ်လွှင်စေသော စာမူများပါဝင်သော ရက္ခ အလင်းတန်း အမှတ် (၂) စာစောင်ကို ပြည်တွင်းတွင် ယနေ့ ထုတ်ဝေ ဖြန့်ချီ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာစောင်ကို လူမူရေး နိုင်ငံရေး လုပ်ငန်းများကို ပြည်တွင်းတွင် တက်ကြွစွာ လုပ်ဆောင်နေသော "ရက္ခအလင်းတန်း" အဖွဲ့က ထုတ်ဝေ ဖြန့်ချီ လိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ မနက်ကတည်းက ဖြန့်တာပါ။ ဒီနေ့တော့ ပေါက်တော၊ မင်းပြား၊ မြောင်းဘွယ်၊ မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေ နယ်တဝိုက်ကို ဖြန့်လိုက်ပါတယ်။ လုံခြုံရေးအခြေနေတွေအရ ဒီလောက်ပဲ ဖြန့်နိုင်ခဲ့ပါတယ်။ နောက်နေ့တွေမှာ တော့ တပြည်နယ်လုံး ဖြန့်မှာပါ။ အစကတော့ ဒီလ ၁ရက်နေ့ ဖြန့်မယ်ဆိုပြီးတော့ လုပ်ထားတာပါ။ လုံခြုံရေးအခြေအနေ တွေကြောင့် ဒီနေ့ကိုရွှေ့လိုက်ရတာပါ။ အာဏာပိုင်တွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတယ်ဆိုတော့ ဖြန့်ဝေရတာ နည်းနည်း အဆင်မပြေတာတွေ ရှိတယ်။ ရန်ကုန်နဲ့ ဧရာဝတီမှာလည်း ဖြန့်ဝေသွားမှာပါ။"
ယခုထုတ်လုပ်သော ဂျာနယ်တွင် လက်ရှိ ရခိုင်ပြည်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ရေးသားထားသော နိုင်ငံရေး၊ အမျိုးသားရေး ကဗျာ၊ ဆောင်းပါးများ ပါဝင်သောကြောင့် အများပြည်သူများ အကြိုက်တွေ့ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း သူမက ပြောသည်။
"ဒီဂျာနယ် ထုတ်လုပ်ဖို့ ရည်ရွယ်ကတည်းက ရက္ခအလင်းတန်းအဖွဲ့ ရှိနေသမျှတော့ အတတ်နိုင်ဆုံး ဂျာနယ်ကို ထုတ်လုပ်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ အခက်အခဲတွေကတော့ ရှိပါတယ်။ အဓိကကတော့ ရံပုံငွေပါ။ ရံပုံငွေ ပုံမှန်မလည်ပတ်နိုင်တော့ အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲရှိပါတယ်။ ပထမ ဂျာနယ်နဲ့ ဒုတိယဂျာနယ်အကြား အချိန်အများကြီးကြာသွားရတာလည်း ပြောရရင် ရံပုံငွေကြောင့်ပါပဲ။ နောက်ဆုံးအဆင့်ထိတော့ ၃လတကြိမ် မဖြစ်မနေ ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်" ဟု သူမ ဆက်ပြောသည်။
အဆိုပါ ဂျာနယ်တွင် မြန်မာဘာသာနှင့် ရခိုင်ဘာသာဖြင့်ရေးသားထားသော ကဗျာ၊ ဆောင်းပါးများပါဝင်ပြီး ရခိုင်လူမျိုးအပါအဝင် တခြား တိုင်းရင်းသားများအတွက်လည်း ရည်ရွယ်ကြောင်း၊ စာပေယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ခွင့်မပေးသော အစိုးရလက်ထက်တွင် ယခုကဲ့သို့အင်အားတခုအဖြစ် ဂျာနယ်ကို ထုတ်လုပ်ဖြန့်ချီခွင့် ရသည့်အတွက် အောင်မြင်မှုတခုဟု သူမက သုံးသပ်ပြောသည်။ ရက္ခအလင်းတန်းအဖွဲ့အနေဖြင့် ဂျာနယ်အပါအဝင် နောက်ထပ် စာအုပ်စာတန်းများကိုလည်း ထုတ်လုပ်ရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။
အမှတ်စဉ် (၁) "ရက္ခအလင်းတန်း" ဂျာနယ်ကို ယခုနှစ် ဧပြီလအတွင်းက ပြည်တွင်းတွင် ထုတ်ဝေ ဖြန့်ချီခဲ့ပြီး ဒုတိယ မြောက် စာစောင်ကို သြဂတ်စ်လတွင် ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်