ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသရှိ နန်ကသူဆည်နှင့် မဲဇလီကုန်းဒေသကျွဲဇင်းကျေးရွာအုပ်စုရှိ ကညင်ဆည်ကို ဇူလိုင်လ (၂၁)နှင့် (၂၂)ရက်နေ့ ညအချိန်တွင် ဆည်ရေဖောက်ချခဲ့သည့်အတွက် အင်္ဂပူမြို့ပေါ် ရပ်ကွက်အချို့နှင့် ဆည်အောက်ဖက်ရှိကျေးရွာများ ရေဘေးဒုက္ခခံနေရသည်။
အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသရှိ နန်ကသူဆည်ကို ဇူလိုင်လ (၂၁) ရက်နေ့ ည (၈) နာရီအချိန်တွင် ဖောက်ချခဲ့ပြီး ဆည်ရေဖောက်ချမည့်အကြောင်းကို သက်ဆိုင်ရာက ကျေးရွာလူထုအား အသိပေးအကြောင်း ကြားခြင်းမရှိခဲ့သဖြင့် ကျေးရွာသားများ၏ စပါးနှင့် စားနပ်ရိက္ခာအချို့ပါ ရေစိုနစ်မြှုပ်ကာ ဒုက္ခရောက်ခဲ့ရကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
အဆိုပါဆည်ရေဖောက်ချခဲ့သည့်အတွက် ဆည်အောက်ဖက်ရှိကျေးရွာများ ရေကြီးပြီး လယ်မြေများ ရေနစ်မြှုပ်ခဲ့သည့်အခြေအနေကို ရေဘေးဒုက္ခသည်တဦးက “ဆည်အောက်မှာရှိတဲ့ ကျီးကြီးအုပ်စု၊ ဗွက်အုပ်စု၊ တလိုင်းကွင်းအုပ်စု၊ ခြောက်ရွာအုပ်စု၊ ကွင်းကောက်တောင်နဲ့မြောက်က အိမ်တွေအားလုံးလိုလိုပဲ ရေကြီးပြီး နေလို့မရတော့ဘူး ကုန်းမြင့်က ဘုန်းကြီးကျောင်းမှာ လူတွေရော နွားတွေရော ပြောင်းနေရတယ်။ အခုဆည်ရေဖောက်လို့ ရေနစ်နေတဲ့ မိုးစပါစိုက်လယ်ဧက (၆၀၀၀) လောက်ရှိတယ် စပါးပင်ကသေမှာပဲ ခုထိရေက မကျသေးလို့လေ” ဟု ပြောသည်။
ရေဘေးဒုက္ခသည်များအတွက် အင်္ဂပူမြို့ပေါ်မှ အိမ်တအိမ်ထမင်းထုပ်တထုပ်ဖြင့် ကူညီပေးနေပေမယ့် လောက်ငှမှုမရှိကြောင်းနှင့် မိုးဆက်တိုက်ရွာပြီး ရေဆက်တက်နေသဖြင့် ဒေသတွင်း ကုန်လမ်းခရီးသွားလာလို့မရသေးကြောင်း ရေဘေးဒုက္ခသင့် ကျေးရွာသားများက ပြောသည်။
အလားတူ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းဒေသ ကျွဲဇင်းကျေးရွာအုပ်စုရှိ ကညင်ဆည်ကို ဇူလိုင်လ (၂၂) ရက်နေ့ ည ၁၁ နာရီမှာ ရေဖောက်ချသည့်အတွက် ဆည်အောက်ဖက်ရှိ ကျွဲဇင်းကျေးရွာအုပ်စုတွင်းမှ ရွာများ၊ ဘန့်မွေးကုန်းကျေးရွာအုပ်စုမှ ရွာများ၊လိပ်ပေါင်ဆွဲကျေးရွာအုပ်စုတွင်းရှိ ရွာများ၊ ငှက်ပျောတောကျေးရွာအုပ်စုတွင်းရှိ ရွာများ၊ လယ်ကြီးကွင်းကျေးရွာအုပ်စုတွင်းမှ ရွာများ၊ မဲဇလီကုန်းဒေသရှိ ကျေးရွာသားများ ရေဘေးလွတ်အောင်ရှောင်နေရသည်။
ကညင်ဆည်ကို ဆည်တာဝန်ရှိသူများက ရေပိုများဖောက်ချမည်ဟု ဒေသတွင်း ကျေးရွာလူထုကို (၈)နာရီခန့်ကြိုတင် အသိပေးခဲ့သည်။ တကယ်ရေဖောက်ချသည့်အခါ ရေပိုဖောက်ချခဲ့ခြင်းမဟုတ်ပဲ မိုးရေများပြီး ရေမထိန်းတော့သည့်အတွက် ဆည်ရေများ ဖောက်ချခဲ့ခြင်းဖြစ်သည့်အတွက် ဆည်အောက်ဘက်ရှိ ကျေးရွာသားများ အ၀တ်တထည်ကိုယ်တခုဖြင့် ရေဘေးလွတ်အောင် ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
ဒေသခံတဦးက “အိမ်ကြမ်းပြင်တွေအကုန်မြူပ်ကုန်တာ ဒေသတခုလုံးရေကြီးသွားတယ်။ အဲဒီဒေသက လယ်မြေဧက ၈၀၀၀ လောက်ပျက်ဆီးဖို့ရှိနေတယ်။ နောက်ပြီး ချင်းချောင်ရွာက အရှည် (၁၈) ပေရှိတဲ့ ရွာချင်းဆက်တံတားလည်း ရေနဲ့မျောသွားတယ် လူအသေအပျာက်တော့ မကြားသေးဘူး၊ အင်္ဂပူမြို့ပေါ်အမှတ် (၂) ရပ်ကွက်လည်း မိုးရေနဲ့ ဧရာဝတီမြစ်ရေတက်တာရောပြီး ရေကြီးနေတယ်။ တနေ့ကို တပေခွဲလောက်ရေကတက်နေတော့ အဲဒီရပ်ကွက်ကလူတွေလည်း ရေလွတ်ရာမှာနေ နေရတယ်” ဟု ပြောသည်။
အင်္ဂပူမြို့နယ်အတွင်း ဆည်ရေ၊ မိုးရေနှင့် ဧရာဝတီမြစ်ရေတို့ပေါင်းပြီး ရေကြီးကာ ဒေသတွင်း လူနေအိမ်များ လမ်းများ၊ လယ်မြေများပါ ရေလွှမ်းမိုးနေပြီး စားဝတ်နေရေး ဒုက္ခရောက်နေသည့် ရေဘေးသင့် ပြည်သူများအတွက် သက်ဆိုင်ရာအာဏာပိုင်များက နေရာချထားပေးခြင်း၊ အစားအသောက်ကူညီပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ထိထိရောက်ရောက်ကူညီနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
ဒေသခံပြည်သူများကို အသိမပေးပဲ ဆည်ရေဖောက်ချခဲ့သည့်အတွက် အင်္ဂပူမြို့နယ်အတွင်း ရေဘေးဒုက္ခကြုံနေရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်