http://www.yoma3.org/?p=2484
မြေသိမ်းခံရသည့် လယ်သမားများ အရေးဆိုတိုင်းတန်းမှုကို မြို့နယ် အုပ်ချုပ်ရေးမှူးက ရုံးခန်းထဲတွင် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခဲ့သည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။
ယခုလ ၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်က ထန်းပင်ကုန်းအုပ်စု၊ သဇင်ကွင်းကျေးရွာမှ လယ်သမား ၁၃ ဦးအား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“မြေသိမ်းခံရတဲ့ကိစ္စကို ဦးဆောင်ပြီးတိုင်တဲ့ ထန်ပင်ကုန်းရွာက ကိုရဲနိုင်နဲ့ လယ်သမားတွေကို မအေနှမ ဆဲဆိုပြီး မင်းတို့ အင်္ဂပူသားတွေ ငါ့လောက်လုပ်နိုင်လို့လား၊ မင်းတို့မှာ ဘာအထောက်အထားရှိရှိ၊ ဘာပြေစာဘဲရှိရှိ လုပ်ပိုင်ခွင့်လဲ မပေးနိုင်ဘူး၊ ပိုင်ဆိုင်ခွင့်လဲ မပေးနိုင်ဘူး၊ မင်းတို့ မကျေနပ်လို့ သိန်းအောင်ကိုဘဲ တိုင်တိုင်၊ သိန်းစိန်ကိုဘဲတိုင်တိုင် ဂရုမစိုက်ဘူး၊ သန့်ရှင်းတဲ့အစိုးရတွေ ဘာတွေလာမပြောနဲ့ ဆိုပြီးပြောတာ” ဟု ပြောသည်။
အသိမ်းခံရသည့် လယ်သမားများအနေဖြင့် လယ်မြေများနှင့်ပတ်သက်၍ သက်သေအခိုင်အမာရှိပြီး ယင်းကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ပြောဆိုမှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်တို့ထံ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ILO) သို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
ယင်းအသိမ်းခံလယ်မြေ ဧက ၅၆ ဧကကို ၁၉၉၇ ခုနှစ်က ကလိုစိမ့် ကုမ္ပဏီက ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းကာ တစုံတရာ လျော်ကြေးပေးခြင်းမရှိဘဲ သိမ်းယူခဲ့ခြင်းဖြစ်သည်။
ကြံ့ဖွံ့အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြေယာသိမ်းဆည်းမှုများ ဆက်တိုက်ဖြစ်ပွားနေလျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့နယ်အတွင်း အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပေါင်းကာ ဒေသခံများ၏ မြေယာ ထောင်ချီသိမ်းယူမှုများရှိနေသည်။
ထို့အပြင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာလမ်းတလျှောက်ဒေသများတွင် မြေယာဧက ထောင်နှင့်ချီ သိမ်းဆည်းခံနေရပြီး လျော်ကြေး အပြည့်အဝ မရရှိသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးက ရိုင်းပြစွာဆက်ဆံသည့်အတွက် ဒေသခံများ မကျေနပ်ဖြစ်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်