မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

မလွတ်မြောက်နိုင်သူတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်

ကျမဘ၀ တသက်တာမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို ၁၉၈၀ ခုနှစ်က ကြားခဲ့ဘူးပေမဲ့ ဘာမှ ရေရေရာရာ မမှတ်မိတော့ပါဘူး။ ဒါကြောင့် သိမီတဲ့ လူတွေပြောတာကို နားထောင်၊ဖတ်တာတွေလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ၁၁/၉၂ ကို တော့ သေသေချာချာ သိပါတယ်။ ၁၉၉၀ မေလမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ အာဏာမအပ်တဲ့အပြင် အဲဒီအချိန်က အနိုင်ရအမတ် အတော်များများကို လည်း ၁၀(က)နဲ့ ချုပ်နှောင်ထားပါတယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရလို့ ဂုဏ်ပြုကြတဲ့ ကိစ္စမှာ တက္ကသိုလ်ကျောင်းသားအတော်များများကို တရားလက်လွတ်ဖမ်းဆီးထားတာလည်း ရှိနေပါတယ်။ တချိန်တည်းမှာပဲ အနိုင်ရပါတီကို အာဏာမအပ်လို့ နိုင်ငံတကာရဲ့ ဖိအားတွေကလည်း ပြင်းထန်နေချိန်ဖြစ်ပါတယ်။ ပိုပြီးတော့ သေချာတာ က အစိုးရဆီမှာ သူတို့ ရာသက်ပန်အာဏာကို ဆုပ်ကိုင်ခွင့်ရဖို့ အမျိုးသားညီလာခံကို ခေါ်ယူနိုင်အောင် စီစဉ်ဆောင်ရွက် ပြီး ချိန်လည်း ဖြစ်နေပါတယ်။ ဒါကြောင့် ၁၉၉၂ ခုနှစ်မှာ လွတ်ငြိမ်းသက်သာခွင့် ၁၁/၉၂ ကို ထုတ်ပြန်ကြေညာလိုက်ပါ တယ်။
၁၁/၉၂ ထဲမှာ သေဒဏ်ကျခံနေရသူတွေကို ကျွန်းပြောင်းပေးခဲ့ပါတယ်။ ထောင်ဒဏ် နှစ် ၂၀ အထက် တချို့ကို ၁၀ နှစ် တည်စေလို့ ပြောင်းလဲပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတစ်ချို့ကိုတော့ ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပါတယ်။ နိုင် ငံရေးအကျဉ်းသားတွေနဲ့ အတူ ရာဇ၀တ်မှုတွေကိုပါ ရောပြီးလွှတ်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ကြေညာချက်ကို ကမ္ဘာက လည်း ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေထဲမှာကတော့ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းကျနေသူတွေ ရှိနေခဲ့ ပါတယ်။ ဒီအမိန့်ကြေညာချက်ကို ပြည်တွင်းမှာရှိတဲ့ အတိုက်အခံတွေက မကြေနပ်ခဲ့ပေမဲ့ ကမ္ဘာပေါ်က ထိပ်တန်းနိုင်ငံ တွေရဲ့ ဖိအားကတော့ အနည်းငယ်လျော့ကျသွားခဲ့ပါတယ်။ လွှတ်ပေးတဲ့ လူအရေအတွက်အရ တော်တော်များပေမဲ့ လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားက ၃၀၀ ၀န်းကျင်လောက်ပဲ ပါလာပါတယ်။ ပြစ်ဒဏ်စီရင်ပြီးသူ အနည်းငယ် သာပါဝင်ပြီး ၁၀(က)နဲ့ ဖမ်းဆီးထားတဲ့ လူအတော်များများကို လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက်တော့ လွတ်မပေးခဲ့တဲ့ ၁၀(က)တွေကို ထောင်ဒဏ်ချမှတ်လိုက်ပြီး ၁၉၉၃ ခုနှစ် ဖန်န၀ါရီလထဲမှာ အမျိုးသားညီလာခံကို ကျင်းပပြုလုပ်ပါတယ်။ အဲဒီ့အခြေအနေဟာ အမျိုးသားညီလာခံကို ကောင်းကောင်းမွန်မွန်ကျင်းပနိုင်အောင် ချကစားတဲ့ နှုန်းထား တစ်ခုဖြစ် တယ်လို့ ကျမကတော့ ထင်မြင်ပါတယ်။
ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေရပြီး ၈၈ အပါအ၀င် နိုင်ငံရေးအင်အားစုအများစုက ထောင်ထဲမှာ ထောင်ဒဏ်ချခံနေရတာပါ။အမျိုးသားညီလာခံကို မဆန့်ကျင်တာသေချာတဲ့ လူအချို့ကိုပဲ ဟန်ပြလွှတ်ပေး ခဲ့ တာဖြစ်နိုင်ပါတယ်။
အဲဒီနောက်တော့ ၁၉၉၄ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်ကနေလွတ်မြောက်လာရမည့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တန်း တနှစ်ထပ်တိုးလိုက်ပြီး ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင် အချိန်အထိ ပြင်ပမှာ ရှိနေတဲ့ နိုင်ငံရးအင်အားစုတွေကို ဖမ်းဆီခြင်းဖြင့် ဖြိုခွဲလိုက်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီးနောက် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော ၈၈ မျိုးဆက်အချို့နှင့် ဒေါ်အောင် ဆန်းစုကြည် အားကိုးအားထားပြုရသော NLD ပါတီဝင်များအား ထောင်ဒဏ်နှစ်တိုးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် တက်ကြွလှုပ်ရှားနေသော အင်အားစုများကို ပိုင်းခြားထားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု များနဲ့ ၈၈ များရဲ့ လှုပ်ရှားမှုကို သီးခြားစီဖြစ်အောင်ခွဲခြားထားလိုက်ခြင်းဖြင့် အတိုက်အခံများ အင်အားမကြီးစေဖို့ရန် စီမံ ခဲ့ခြင်းလို့ ယူဆနိုင်မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်ခြင်းကြောင့် ကမ္ဘာက ကြိုဆိုနေကြချိန်ဖြစ်လို့ ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ခြင်းမရှိပါ။ သို့သော်လည်း ၁၉၉၇ ခုနှစ်အကုန်ပိုင်းရောက်တော့ လွတ်ငြိမ်းသက်သာ(လွတ်ငြိမ်းချမ်းသာ မဟုတ်ပါ) နောက်ထပ်တကြိမ်ပေးခဲ့ပါ တယ်။ အဲဒီ လွတ်ငြိမ်းသက်သာခွင့်ကို ဘာကြောင့်ပေးတယ်ဆိုတာ ကျမတို့ သေချာမသိနိုင်ပါ။ အဲဒီအချိန်က ကျမကိုယ် တိုင် သာယာဝတီထောင်မှာ ရှိနေချိန်ဖြစ်ပြီး ကျမတို့နဲ့ အတူနေသူ မချူး၊ ဒေါ်အုန်းမြတို့ သေဒဏ်မှ တကျွန်း၊ တကျွန်းမှ ၁၀ နှစ်တည်စေနဲ့ လွတ်မြောက်သွားတာကို ကျမတို့ တွေမြင်ခဲ့ရလို့ပါ။ မချူးနဲ့ ဒေါ်အုန်းမြတို့က ၁၉၈၈ စစ်တပ်အာဏာ သိမ်းပြီးချိန်မှ စတင်ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။
ထောင်ထဲမှာ ၁၁/၉၂ နဲ့လျော့ပေါ့ပေးခဲ့တဲ့ ပြစ်ဒဏ်များကြောင့် ရာဇ၀တ်မှုကြီးတွေလည်း သေဒဏ်မှ တစ်ကျွန်း၊ ၁၉၉၇ ခုနှစ်ရောက်တော့ ၁၀ နှစ်တည်စေနဲ့ လွတ်မြောက်သွားကြပြန်ပါတယ်။ ရာဇ၀တ်မှုတွေသာ လွတ်မြောက်သွားကြပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ရက်စေ့နေတာတောင်မှ ထပ်မံချုပ်ထားတာကို တွေ့မြင်ခဲ့၇ပါတယ်။ ၁၉၉၈၊ ၁၉၉၉ ခုနှစ်ပတ်ဝန်းကျင်မှာ ထောင်ဒဏ် ၁၀ နှစ်သမားတွေ နှစ်စေ့လို့ လွှတ်ကျရမည့်သူတွေများပါတယ်။ အဲဒီလူတွေကို ချက် ချင်းပဲ ၁၀(က) နဲ့ ဆက်လက်ချုပ်ထားလိုက်ပါတယ်။ကျမလွတ်ပြီး ၂၀၀၂ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အ ကျယ်ချုပ်ကနေပြန်လည် လွတ်မြောက်လာပြန်ပါတယ်။ အဲဒီအချိန်မှာ ၈၈ မျိုးဆက်တွေက ၁၀(က)နဲ့ ထိမ်းသိမ်းခံနေရ သူတွေ၊ နှစ်တိုးတဲ့အတွက် နောက်ထပ်ပြစ်ဒဏ်ခံနေရသူတွေက အများစု ဖြစ်နေပါတယ်။
၂၀၀၃ ခုနှစ်ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမြို့မှာ ဖြစ်ပွားတဲ့ လုပ်ကြံမှုကြောင့် ထိန်းသိမ်း လိုက်ပြီး နောက်မှာ နိုင်ငံတကာ ဖိအားတွေကို လျော့ချဖို့ ၈၈ တချို့ကို ၂၀၀၄၊ နိုဝင်ဘာလကစတင်ပြီး ၄၀၁ အပုဒ်(၁) နဲ့ လွှတ် ပေးလိုက်ပါတယ်။ အဲဒီအချိန်က လွှတ်ပေးလိုက်တာက နိုင်ငံရေးအကျဉ်းသားတွေ တော်တော်ပါတယ်ဆိုတာတောင်မှ ၆၀၇ ယောက်ပဲရှိပါတယ်။ အဲဒီ ၆၀၇ ယောက် အပြင်ပြန်ရောက်ချိန်ကနေစလို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ လှုပ် ရှားမှုတွေက ကျယ်ကျယ်လောင်လောင်မြည်လာပါတယ်။ ဒါကြောင့်လည်း စစ်အစိုးရရဲ့ အငြိုးအတေးကို ခံစားရပြီး ထောင်ဒဏ် (၆၅) ချမှတ်ခဲ့တာပါ။ ၈၈ ကနေ နောက်ဆုံးအချိန်အထိ ပေခံပြီးရပ်ခဲ့နိုင်တဲ့ မျိုးဆက်တစ်ဆက်လဲဖြစ်ပါ တယ်။ စစိအာဏာရှင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်မလုပ်နိုင်အောင် နေအိမ်အကျယ်ချုပ်နဲ့ ကန့်သတ်ခဲ့သ လို၊ ၈၈ တွေကိုလည်း နှစ်ရှည်လများ ထောင်ထဲမှာ ထည့်ထားခြင်းဖြင့် ၈၈ တွေရဲ့ နိုင်ငံရေးထက်သန်နေမှုကို ရပ်တန့် ပြစ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ တွေကို အခုအချိန်အထိ နိုင်ငံရေး ဇတ်ခုံပေါ်မှာ တွေ့မပေးရဲသေး ပါဘူး။ အခုလည်း သမ္မတ ဦးသိန်းစိန်က ရေရာမှုမရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို တနှစ်အတွင်း ၂ ကြိမ်မြောက်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အေအေပီပီရဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂ ထောင်နီးပါးရှိပေမဲ့ လွတ်မြောက်သူက ၁၈၄ ဦး ခန့်ပဲ ပါဝင်ပါတယ်။ ကျန်တဲ့ ၆၀၀၀ ကျော်ကတော့ အခြားအမှုတွေပဲ ဖြစ်ပါတယ်။
တကယ်က ထောင်ထဲက အတိုက်အခံအင်အားစုတွေမှာလည်း နိုင်ငံတော်ကိုချစ်ခင်မြတ်နိုးစိတ်တွေအပြင်၊ ပြုပြင်ပြောင်း လဲနိုင်စွမ်းတွေရှိတယ်လို့ ယုံကြည်ပါတယ်။ ၈၈ မျိုးဆက်တွေအနနဲ့ အခုအချိန်မှာ ၄၀ ကျော်ပတ်ဝန်းကျင်တွေဖြစ်ပြီး နိုင်ငံကောင်းကျိုးတွေကို သယ်ပိုးနိုင်တဲ့ အရွယ်ကောင်းတွေ ဖြစ်တယ်ဆိုတာကို ဘယ်သူမှ ငြင်းပယ်မယ်လို့ ကျမ မထင် ပါဘူး။ သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း ၈၈ မျိုးဆက်တွေအပေါ်သံသယ ကင်းဘို့တော့ လိုပါလိမ့်မယ်။ ၈၈ တွေဟာ ဆူ ပူသောင်းကျန်းလိုသူတွေလို့ ကျမ ဘယ်တုန်းကမှ မယုံကြည်ပါဘူး။ နိုင်ငံတော်ကို တကယ်ပြောင်းလဲလိုတယ်ဆိုရင် တော့ အမြင်မတူသူတွေနဲ့ လက်တွဲနိုင်ဖို့လိုပါတယ်။ တကယ်လိုအပ်တာက နိုင်ငံတကာရဲ့ အမြင်မှာ ကြည်လင်ဖို့ထက် စာရင် တိုင်းပြည်ထဲက ပြည်သူလူထုရဲ့ အမှန်တကယ်ထောက်ခံမှုလိုအပ်ပါလိမ့်မယ်။
တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ ကျောင်းသားတွေ၊ ၂၀၀၇ မျိုးဆက်တွေကို မလွှတ်သေးပဲ ပြန်ပေးဆွဲနေတဲ့ပုံစံကို ပြည်သူတွေနဲ့ အကျဉ်းသားမိသားစုတွေအနေနဲ့ သံသယကြီးကြီး ရှိပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုတယ် ဆိုရင်တော့ အမြင်မတူသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးခြင်းကပဲ ဖော်ဆောင်နိုင်ပါလိမ့်မယ်။အခုတော့ ကြေးကြီးကြီး ရဖို့အတွက် ပြန်ပေးဆွဲတဲ့ ဆိုမာလီ ဓါးပြတွေလို့ ကိုဇာဂနာပြောခဲ့သလိုပဲ ဖြစ်နေခဲ့တာပါ။
ဈေးရာင်းတဲ့နေရာမှာ ၀ယ်သူဘက်က တတ်နိုင်သမျှ အနိမ့်ဆုံးဈေးနဲ့ အရောင်းအ၀ယ်ဖြစ်လိုပါတယ်။ အဲဒီ့အတွက် ဈေး နဲနဲဆစ်လိုက်ပြီး လှည့်ထွက်သလိုသဘောမျိုးနဲ့ ဈေးရောင်းသူတွေဘက်ကို လှည့်စားတဲ့ အလေ့ရှိပါတယ်။ သိပ်ရောင်းလို နေတဲ့ ဈေးသည်အနေနဲ့ ဈေးဝယ်ပြန်လှည့်တာ မခံလိုရင် သူတောင်းတဲ့ ဈေးနီးပါးတော့ လျော့ရပါလိမ့်မယ်။ အခုလည်း နိုင်ငံတကာက စောင့်ကြည့်နေသူတွေကို ဈေးနဲနဲပေးပြီး ဈေးဆစ်နေပါပြီ။ နိုင်ငံတကာက ဘယ်လိုတုန့်ပြန်လဲ၊ သူတို့ တောင်းဆိုမှုက အမြင့်ဆုံးဖြစ်ပြီး သူတို့ပေးတဲ့ ဈေးက အနိမ့်ဆုံးဖြစ်နေပါတယ်။ တန်ဖိုးရှိတဲ့ အရာတွေကို မထုတ်သေး တဲ့အပေါ် နိုင်င့တကာရဲ့ တုန့်ပြန်မှုကို ကျမတို့တွေ့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ချက်ခြင်းဆိုသလို တုန့် ပြန်ပြောဆိုခဲ့ပါတယ်။ အဲဒီလိုပဲ ပြန်ပေးဆွဲခံရာကနေလွတ်မြောက်သူတွေက သူတို့မပျော်လှဘူးလို့ဘဲ ပြောဆိုနေပါ တယ်။
မြန်မာပြည်ရဲ့ အခြေခံအဆောက်အဦတွေဘာမှ မပြောင်းလဲလှသေးပါဘူး။ ဆေးကုသမှုမှာ ကိုယ်ပိုင်ငွေလိုအပ်ဆဲဖြစ် သလို၊ ကျောင်းမနေနိုင်တဲ့ မူလတန်းအရွယ်ကျောင်းသားတွေလည်း ရှိနေဆဲပါ။ အဲဒီလိုပဲ အလုပ်အကိုင်ရှားပါးလို့ နိုင်ငံ ပြင်ပမှာ အလုပ်လုပ်နေရသူတွေအနေနဲ့လည်း လုံခြုံမှုရမည့်နေ့ကို အိပ်မက်နေရဆဲပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ပေးတဲ့ဈေးနဲ့ ရောင်းနိုင်တဲ့ဈေးမတည့်ရင် အဲဒီပွဲ ပျက်တတ်တယ်ဆိုတာပါပဲ။
ခင်ငြိမ်းသစ် http://www.naytthit.net/?p=20925

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်