ယေးလ်တက္ကသိုလ် ဥပဒေ ပါမောက္ခ စာရေးဆရာမ အေမီချွာ (Amy Chua) ရဲ့ တတိယစာအုပ် ဒီနှစ် အစောပိုင်းမှာ ထွက်ခဲ့ပြီး၊ ပထမစာအုပ် World on Fire ထက်ပင် ပိုပေါက်ခဲ့သည်။
ယခုနှစ် အစောပိုင်း ဒီစာအုပ်ထွက်လာကတည်းက အနောက်နိုင်ငံ ပညာရေးသမားများ၊ ကလေး စိတ်ပညာရှင်များနဲ့ မိဘများအကြား ပွဲဆူစေခဲ့ပြီး ကော်ဖီဆိုင်၊ အားကစားကွင်းနဲ့ စူပါမားကက်တွေမှာကို ပြောဆိုငြင်းခုံကြတဲ့ စာအုပ်ဖြစ်သည်။ အွန်လိုင်းဗားရှင်း ကိုပင် လူ ၁ သန်းကျော် ၀င်ဖတ်ကြပြီး၊ ကွန့်မင့် ၇၀၀၀ ကျော်ဖြင့် စွဲဆောင်နိုင်ခဲ့သည်ဟု ဝေါစထရိ ဂျာနယ်က ဖော်ပြခဲ့သည်။
စာအုပ်အမည်က ‘ကျားမေမေရဲ့ တိုက်ပွဲတေးသံ’ (Battle Hymn of the Tiger Mother)။ အဓိက အကြောင်းက တရုတ်မိဘများရဲ့ ကလေးပြုစုပျိုးထောင်နည်း၊ တစ်နည်းအားဖြင့် အေမီချွာ ကိုယ်တိုင် သူ့သမီးနှစ်ယောက်ကို အောင်မြင်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ကိုယ်တွေ့ဇာတ်လမ်းကို ပြန်ပြောထားခြင်း ဖြစ်သည်။
ဒုတိယအကြီမ်ပြန်ရိုက်တဲ့ စာအုပ်မျက်နှာဖုံးမှာ စာအုပ်အမည်အပြင် “ဤစာအုပ်မှာ မိခင်တစ်ယောက်၊ သမီးနှစ်ယောက်နှင့် ခွေးနှစ်ကောင်အကြောင်း ဖြစ်သည်။ အနောက်တိုင်း မိဘတွေထက် တရုတ်မိဘတွေက ကလေးတွေကို ဘယ်လိုကောင်းကောင်း မွေးမြူနိုင်သလဲ ဆိုတာကို ယူဆဖော်ပြတဲ့ ဇာတ်လမ်း ဖြစ်သည်။ ထို့အပြင် အရှေ့နဲ့ အနောက် ခါးသီးတဲ့ ယဉ်ကျေးမှုထိပ်တိုက်တိုးမှု အကြောင်းလည်း ဖြစ်သည်’ ဟု ဖော်ပြထားသည်။
ယခု အသက် ၄၈ နှစ် အေမီကို အမေရိကန် အီလီနွိုက်စ် ပြည်နယ်မှာ ဖိလစ်ပိုင်မှ ပြောင်းရွှေ့လာတဲ့ တရုတ် မိသားစုက မွေးဖွားခဲ့သည်။ သူမဖခင် လီယွန်ချွာ က ဘာကလေ ကာလီဖောနီယားတက္ကသိုလ်မှ အီလက်ထရောနစ် အင်ဂျင်နီယာနှင့် ကွန်ပျူတာ သိပ္ပံ ပါမောက္ခ ဖြစ်သည်။ အေမီချွာ ကိုယ်တိုင်က ဟားဗတ်ကောလိပ်မှ ၁၉၈၄ ခုနှစ်မှာ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး၊ ၁၉၈၇ ခုနှစ်မှာ ဟားဗတ်ဥပဒေကျောင်းကနေ ဒေါက်တာဘွဲ့ ရရှိခဲ့သည်။
အေမီချွာ မမွေးခင် နှစ်နှစ်မှာ သူမမိဘများ အမေရိကကို ပြောင်းရွှေ့အခြေခြခဲ့ခြင်း ဖြစ်သည်။ အေမီတို့ ညီအစ်မ လေးယောက် အိမ်မှာ တရုတ်စကား ပြောရသည်။ တူနှင့်စားကြသည်။ တစ်ဦးချင်းရဲ့ ကျောင်း ရီပို့ကဒ်မှာ A အဆင့်တွေရဖို့ကို ဖခင်က တောင်းဆိုထားသည်။ တစ်ခါက ကျောင်းဆုပေးပွဲကို ဖခင်က လိုက်ခဲ့ပြီး၊ အေမီ ဒုတိယဆု တက်ယူပြီးဆင်းလာတော့ ဒေါသတကြီးနဲ့ “နောက် ငါ့ကို ဒီလိုမျိုးထပ်ပြီး အရှက်မခွဲနဲ့” ဟု သူ့သမီးကို အပြတ်ပြောထားသည်။ ဒီတော့ အေမီ ဘ၀မှာ ဘာလုပ်လုပ် ပထမရဖို့က အမိန့်တာဝန်တစ်ခု ထမ်းဆောင်ရသလို ဖြစ်လာသည်။
စည်းကမ်းတင်းလွန်းတဲ့ တရုတ်မိဘတွေရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ အေမီ က “ကြီးမားတဲ့ အောင်ပွဲအတွက် စည်းကမ်းတင်းကြပ်ခဲ့တာလို့ ကျမမြင်တယ်။ ကျမမိဘတွေက ကိုယ့်စည်းကိုယ့်ကမ်းနဲ့ (self-discipline) နေတတ်အောင် သင်ပေးတယ်။ ကလေးဘ၀မှာ ရွေးချယ်စရာများများ မရှိအောင် ကန့်သတ် ချုပ်ချယ်မှုခံရတာဟာ ကျမကြီးလာတော့ ရွေးချယ်စရာတွေအများကြီး ရှိလာအောင် မိဘတွေက လုပ်ပေးခဲ့တာလို့ ထင်တယ်။ အခု ကျမချစ်တဲ့အလုပ်ကို ကျမ ရနေတယ်” ဟု ပြောသည်။
အေမီက မိဘတွေရဲ့ တွေးခေါ်ပုံက သူမလို အမေရိကမှာ မွေးသူနဲ့ ကွာခြားမှုတွေ ရှိသည်ဟု ဆိုသည်။ အဖေနဲ့ အမေက ဖိလစ်ပိုင်ကို ဂျပန်တွေသိမ်းထားတဲ့အချိန်မှာ ဒုက္ခပေါင်းစုံနှင့် နေခဲ့ရသူတွေ။ အမေရိကကို ပြောင်းရွှေ့လာတော့လည်း ရေမြေသစ်မှာ လုံခြုံရေး၊ ဘာသာစကား စတဲ့ အခက်အခဲပေါင်းစုံ ကြုံရသည်။ “ကလေးတွေရဲ့ ပျော်ရွှင်မှုကို သူတို့ တွေးပုံမရဘူး။ တွေးချိန်လည်း မရှိဘူး။ ဒါပေမဲ့ သူတို့တွေးတာက ကျမတို့ အနာဂတ်ကို ဘယ်လိုပြင်ဆင်ပေးမလဲ ဆိုတာပဲ” ဟု ချွာက သူမ မိဘတွေကို မှတ်ချက်ပေးသည်။
အေမီက သူမကိုယ်တိုင်မှာ သမီးနှစ်ယောက် ရှိလာတော့ ဖခင်ထက် လက်စောင်းထက်အောင် စည်းကမ်းတင်းတင်းနဲ့ အုပ်ထိန်းတဲ့ မိခင် ဖြစ်လာသည်။ အမေရိကန်လူ့အဖွဲ့အစည်းမှာ တရုတ်စည်းကမ်းနဲ့ သမီးနှစ်ယောက်ကို မောင်းတဲ့အလုပ်ကို တိုက်ပွဲတွေအဖြစ် ဖော်ပြထားသည်။ သို့သော် အေမီရဲ့ အဓိကပန်းတိုင်က သူ့ကလေးတွေ ပျော်ရွှင်မှုရရေး ဖြစ်သည်။ သူမကလေးတွေကို ချုပ်ချယ်ကန့်သတ်သင့်တာ ကန့်သတ်ထားခြင်း၊ ကိုယ့်စည်းကမ်းနဲ့ နေထိုင်စေခြင်း၊ ပြင်းပြင်းထန်ထန် အလုပ်လုပ်စေခြင်းက သူတို့အနာဂတ် ပျော်ရွှင်မှုရရေး ဖြစ်သည်။ သူတို့အနာဂတ်အောင်မြင်မှုအတွက် ငယ်စဉ်မှာ မညှာမတာ ပြင်ဆင်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
စာအုပ်အဖွင့်မှာ “အမေရိကမှာ တရုတ်မိဘတွေက အောင်မြင်တဲ့ကလေးတွေ တပုံစံထဲ မွေးထုတ်နေတာကို လူအများကတော့ အံအားသင့်ကြမယ်။ ဒီလိုအောင်မြင်တဲ့ကလေးတွေရအောင် တရုတ်မိသားစုအတွင်းမှာ ဘယ်လိုပျိုးထောင်လဲ ဆိုတာ သိချင်ကြလိမ့်မယ်။ ကျမကိုယ်တိုင်လည်း တရုတ်မိခင်တစ်ဦး ဖြစ်တာမို့ ဒါကို ကျမ ပြောပြနိုင်တာ ရှိပါတယ်။ ဒီမှာ ကျမ သမီးနှစ်ယောက်ဖြစ်တဲ့ ‘ဆိုဖီယာ နဲ့ လူလူ’ ကို ကျမ ဘယ်တော့မှ ခွင့်မပြုတဲ့ဟာတွေပါ”
“အလွန်အကျူး အိပ်ခွင့်မပေးဘူး
သီးသန့်ကစားရက် မရှိရဘူး
ကျောင်းအားကစားမှာ မပါရဘူး
ကျောင်းအားကစားမှာ မပါဝင်ရလို့ ဆင်ခြေတက်မလာနဲ့
တီဗွီကြည့်တာ ကွန်ပျူတာဂိမ်းဆော့တာ ခွင့်မပြုဘူး
ကျောင်းပြင်ပ အခြားပါဝင်လှုပ်ရှားမှုတွေကို ခွင့်မပြုဘူး
အတန်းတိုင်းမှာ အဆင့် A ထက် မလျော့ရဘူး
စန္ဒယားနဲ့ တယောကလွဲလို့ ဘယ်တူရိယာမှ မတီးခတ်ရဘူး
သူများအိမ် လိုက်မအိပ်ရဘူး”
စတာတွေက အေမီက သူ့သမီးနှစ်ယောက်အပေါ် ကန့်သတ်ချုပ်ချယ်ထားတာတွေ ဖြစ်သည်။ ကလေးအခွင့်အရေး ပြောလွန်းသည့် အမေရိကမှာ အေမီအတွက်မလွယ်လှ၊ တိုက်ပွဲဖြစ်သည်။
နောက် အေမီက တရုတ်မိဘများနဲ့ အနောက်တိုင်း မိဘများ ကလေးပျိုးထောင်ပုံ ကွာခြားမှုတွေကို တင်ပြထားသည်။ ဥပမာ အနောက်မိဘတွေက ကျောင်းမှာ အမှတ်ရဖို့ပြိုင်ရတဲ့ စန္ဒယားနဲ့ တယောကို အိမ်မှာ ကလေးတွေ နာရီဝက်လောက် လေ့ကျင့်ခိုင်းရင် လုံလောက်ပြီ။ အများဆုံး တစ်နာရီ။ တရုတ်မိဘက မရ။ အနည်းဆုံး သူတို့ကလေးကို နှစ်နာရီ သုံးနာရီ လေ့ကျင့်ခိုင်းသည်။
တရုတ်မိခင်တွေက သူ့ကလေးကို အတန်းထဲမှာ အတော်ဆုံးဖြစ်ဖို့ကို အမြဲမျှော်လင့်ထားသည်။ တရုတ် ကလေးတွေရဲ့ ပညာရေးအောင်မြင်မှုက သူတို့မိဘတွေရဲ့ လမ်းညွှန်အုပ်ထိန်းမှုနှင့် အများကြီး ပတ်သက်နေသည်။ ကလေးတွေ အတန်းထဲမှာ ညံ့နေပြီဆိုရင် မိဘတွေ အိမ်မှာ ကလေးအတွက် သူတို့လုပ်ရမယ့်တာဝန် မလုပ်ကြလို့ ဖြစ်မည်ဟု ဆိုသည်။
အနောက်တိုင်းမိခင်တွေက သူတို့ကလေးတွေကို ကျောင်းစာပြင်ပ အားကစားနဲ့ အခြားကိစ္စတွေအတွက် လိုက်လျော အချိန်ပေးလွန်းသည်။ ဒါပေမဲ့ တရုတ်မိခင်တွေ သူတို့ကလေးကို ဆောင်ရွက်တာက
(၁) ကျောင်းစာမှာ ထိပ်ဆုံးအမြဲ ရှိရမည်၊
(၂)B အဆင့်မပြောနဲ့ A-minus ရရင် အခြေအနေဆိုးပြီလို့ ယူဆသည်၊
(၃) သင့်ကလေးက သင်္ချာမှာ အတန်းတူ အခြားကလေးတွေထက် နှစ်နှစ်လောက် ရှေ့ရောက်နေရမည်၊
(၄) လူအများရှေ့မှာ သင့်ကလေး ဆင်ခြေဆင်လက်ပေးတာကို ဘယ်တော့မှ ခွင့်မပြုလေနဲ့၊
(၅) သင့်ကလေးဟာ ကျောင်းမှဆရာ ဒါမှမဟုတ် နည်းပြနဲ့ အဆင်မပြေဖြစ်နေပြီဆိုရင် ကိုယ့်ကလေးဘက်က ဘယ်တော့မှ မရပ်နဲ့ ဆရာဘက်ကနေ၊
(၆) နောက်ဆုံး သင့်ကလေးကို ပြိုင်ဆိုင်မှုတစ်ခုခုအတွက် ခွင့်ပြုရင် ရွှေတံဆိပ် ရနိုင်တာမျိုးသာ ဖြစ်ရမည်။
(၇) ဆုက ရွှေတံဆိပ်ပဲ ဖြစ်ပါစေ။
အေမီရဲ့ ပထမ သမီးက ဆိုဖီယာ ဖြစ်သည်။ အေမီ့ ခင်ပွန်း ဂျဒ်က ဂျူးလူမျိုး၊ ယေးလ်တက္ကသိုလ် ဥပဒေပါမောက္ခ ဖြစ်သည်။ ဒီတော့ အေမီ့ ကလေးတွေက တရုတ်-ဂျူး-အမေရိကန် ကပြားလေးတွေဖြစ်သည်။ အေမီနဲ့ ဂျဒ် တို့ လပ်မထပ်မီကတည်းက သဘောတူညီချက်တစ်ခု အေမီတောင်းဆိုထားတာက သူတို့ကလေးတွေကို အိမ်မှာ တရုတ်မန်ဒရင်းစကား ပြောဖို့။ နောက် တရုတ်နဲ့ ဂျူးလူမျိုးတို့ရဲ့ အောင်မြင်စေတဲ့ အပြုအမူတွေ ရရှိစေဖို့။ ဆိုဖီယာအတွက် နာနီငှားတော့လည်း မန်ဒရင်းစကားပြောတတ်တဲ့ သူကို ရှာသည်။
သူတို့လင်မယား ဘာသာရေးက ကက်သလစ်။ သို့သော် ဘာသာရေးထက် သမီးနှစ်ယောက်ကို မိဘစကားနာခံဖို့၊ ကိုယ့်စည်းကမ်းနဲ့နေတတ်ဖို့၊ ၀ရိယရှိဖို့ စတဲ့ တရုတ်နဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေရှိအောင် ဦးစားပေး သင်သည်။ ဆိုဖီယာ ဆိုရင် သုံးနှစ်သမီးမှာ တရုတ် အရုပ်စာလုံး တစ်ထောင်ကျော်လောက် သိနေအောင် သင်ပေးသည်။
အနောက်တိုင်းမိဘတွေထက်ပိုပြီး တရုတ်မိဘတွေက သူတို့ကလေးအတွက် အိမ်မက်ကြီးကြီးတွေ ထားကြသည်။ သူတို့ကလေးတွေ အမြင့်ရောက်ဖို့ သူတို့ဘယ်လောက်ထိ ဂရုစိုက် ပေးဆပ်ရမယ်ဆိုတာ သိထားသည်ဟု အေမီက ပြောသည်။ အမေရိကန် လူ့အဖွဲ့အစည်းကနေ သူတို့ တရုတ်ကလေးတွေ အကောင်းဆုံးတွေရဖို့ မျှော်လင့်ထားသည်။ အဆိုးဖက်ကို မရောက်အောင် နည်းမျိုးစုံနဲ့ တင်းကြပ်ထားသည်။
၁၉၉၆ ခုနှစ် ဆိုဖီယာ သုံးနှစ်သမီး စန္ဒယားစတီးစမှာ အေမီက နောက်ထပ်အငယ်မ လူလူကို မွေးဖွားခဲ့သည်။ တရုတ်ရာသီခွင်အရ ဆိုဖီယာကို မျောက်နှစ်မှာ မွေးလို့ သိလိုစိတ်နဲ့ ထက်မြက်မှုရှိပြီး ပေးတဲ့တာဝန်ကို ပြီးအောင် လုပ်တတ်သည်ဟု ဆိုသည်။ အငယ်မ လူလူက တောဝက်နှစ်မှာ မွေးသူမို့ ဒေါသကြီးပြီး ခေါင်းမာအာခံသည်။ သို့သော် အခြေခံအားဖြင့် ရိုးသားပြီး နွေးထွေးတဲ့ နှလုံးသားရှိသည်။ အေမီကိုယ်တိုင်က ကျားနှစ်မှာ မွေးသူမို့ ကြောက်ရွံ့မှုကင်းပြီး ကြီးကျယ်မြင့်မြတ်လိုမှု၊ အာဏာပေးမှုနဲ့ သံလိုက်လို သူများကို စွဲဆောင်ဦးဆောင်ချင်မှုတွေ ရှိသည်ဟု ဆိုသည်။
ဆိုဖီယာက ကျားမေမေရဲ့ တင်းကျပ်ခိုင်းစေမှုတွေကို နာခံတတ်ပေမယ့် အငယ်မ လူလူနဲ့ အေမီတို့ အမြဲ ထိပ်တိုက်တိုး ပြဿနာဖြစ်ကြသည်။ အေမီက သမီးတွေကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်သည်။ ကျောင်းစာမှာ ထိပ်ဆုံး ဖြစ်ရမည်။ စန္ဒယားနဲ့ တယောကို နေ့စဉ် နာရီများစွာ ဆရာကောင်းတွေနဲ့ အပြင်းအထန် လေ့ကျင့်ခိုင်းသည်။
အေမီကိုယ်တိုင် စန္ဒယားနဲ့ တယော သင်တန်းစာအုပ်တွေလိုက်ဖတ်ပြီး သမီးနှစ်ယောက်ကို မောင်းသည်။ သမီးနှစ်ယောက်ကို ကျားမေမေရဲ့ မောင်းချက်က ပြင်းထန်လွန်းသည်။ တရုတ်ယဉ်ကျေးမှုအရ အိမ်မှာ မိခင်စကားကို နားထောင်ရမည်။ နားမထောင်နိုင်ရင် အိမ်ပေါ်ကဆင်းဟု အပြတ်ပြောထားသည်။
အေမီက သူ့ကလေးနှစ်ယောက်ကို ဆုံးမတဲ့အခါ သူ့မိသားစုအကြောင်း ပြောပြတတ်သည်။ အေမီတို့ အဘိုးအဘွားတွေက တရုတ်ပြည်ကနေ ဒုက္ခများစွာနဲ့ ၁၉၃၀ ခုနှစ်ဝန်းကျင်မှာ ဖိလစ်ပိုင်ကို ထွက်လာခဲ့ရသည်။ ဖိလစ်ပိုင်မှာ ဒုတိယကမ္ဘာစစ်ကြုံရပြီး ကျောင်းဆရာလုပ်တဲ့ အေမီအဖေက အမေရိကကို ပြောင်းရွှေ့ခဲ့သည်။ နောက် ဘာကလေ တက္ကသိုလ်မှာ ကွန်ပျူတာပါမောက္ခဖြစ်အောင်ထိ ကြိုးစားခဲ့သည်။ အေမီက သူ့အဖေဟာ အလုပ်သွားရင် စီးတဲ့ဖိနပ်ကို နှစ်၂၀ကျော် တရိုတသေစီးခဲ့ကြောင်း၊ နံနက် သုံးနာရီအထိ နေ့စဉ် အလုပ်လုပ်ကြောင်း သမီးတွေကို အထပ်ထပ် ပြောပြသည်။ အေမီတို့ ညီအစ်မလေးဦးစလုံး ပီအိပ်ခ်ျဒီ ဘွဲ့တွေရအောင် လမ်းညွှန်ပေးခဲ့တဲ့ ဖခင် ဖြစ်သည်။
အေမီကိုယ်တိုင် ၁၄နှစ် အရွယ်မှာ ဖခင်အတွက် နောက်ဘေးခြံထဲမှာ သုံးပေအနက် ဆယ်ပေပတ်လည် ရေးကူးကန်တစ်ခု တစ်ယောက်ထဲ ပေါက်တူးနဲ့ တူးပေးခဲ့ကြောင်း သူမသမီးနှစ်ယောက်ကို ပြောပြတတ်သည်။ အိမ်နဲ့ခြံသန့်ရှင်းရေးတွေ ညီအစ်မတွေ တနင်္ဂနွေနေ့တိုင်း အတူလုပ်ကြောင်း ပြောပြသည်။
ဒီတော့ အေမီက သူမ မိဘတွေလိုပဲ သူကလေးနှစ်ယောက်ကို အပြင်းအထန်မောင်းသည်။ ဘာဆင်ခြေဆင်လက် အကြောင်းပြချက်မှ မပေးနဲ့။ မိဘကို အရိုအသေပေးရမည်။ ကျောင်းစာမှာ ပထမရရမည်။ ကိုယ်မသိတဲ့ စာလုံးတိုင်းကို အဘိဓာန်လှန်ပြီး အတိအကျသိအောင် လုပ်ရမည်။ စာမေးပွဲအဖြေလွှာ မအပ်မီ သုံးကြိမ်ပြန် စစ်ဆေးရမည်။ ကျောင်းမှာ ဆရာပေးတဲ့အမှတ် မတရားဘူးထင်ရင် ဆင်ခြေမပေးဘဲ နှစ်ဆသုံးဆမက ကြိုးစားပြရမည်။
သမီးကြီး ဆိုဖီယာက အေမီ အမိန့်တွေ လိုက်နာပေမဲ့၊ သမီးငယ် လူလူက အမြဲတမ်း ကလန်ကဆန် လုပ်သည်။ အေမီကလည်း အလျှော့မပေး။ တခြားအမေရိကန်ကလေးအများစုလို တီဗွီဂိမ်းတွေ အပျော်အပါးတွေ တစ်ဦးချင်းအခွင့်အရေးတွေ လုံးဝမပေး။ အမေရိကရောက် တရုတ်ကလေးအချို့ အမေရိကန်စိတ် ပေါက်ကုန်ကြသည်။ အရွယ်ရောက်တာနဲ့ ကိုယ့်အိမ်မအိပ်တော့။ ဒါမျိုးအဖြစ်မခံနိုင်။ တရုတ်ကလေးဟာ တရုတ်သွေး ရှိနေရမည်။ မိဘအမိန့် နာခံနေရမည်။
အေမီတို့ မိဘများမျိုးဆက်က ကိုယ့်အတွက်မကြည့်ဘဲ အနစ်နာခံခဲ့ကြလို့ အေမီတို့ အသက်ငါးဆယ်တန်း တရုတ်မျိုးဆက်က အခု အမေရိကရှိ စီးပွားရေး ပညာရေး နေရာပေါင်းစုံမှာ ထိပ်ဆုံး ရောက်နေကြသည်။ ဒါပေမဲ့ ဆိုဖီယာနဲ့ လူလူတို့ မျိုးဆက်ကြတော့ တရုတ်စိတ်မရှိတော့ အမေရိကန် ကလေးတွေလို နေချင်ကြသည်။ ဒါကို ပြုပြင်ဖို့လိုသည်ဟု အေမီက ခံယူပြီး သူ့သမီးနှစ်ယောက်ကို မောင်းသည်။ သမီးတွေ မနာခံရင် အိမ်မှာ ကျားမေမေက သောင်းကြမ်းသည်။ သမီးတွေ ပထမဆုရရေးအတွက် ကျားမေမေက အိမ်မှာ တိုက်ပွဲဆင်သည်။ ဒီအတွက် လင်ယောက်ျားကိုလည်း အလျော့မပေး၊ ကလေးတွေချစ်တဲ့ ယောက္ခမနဲ့လည်း ပြဿနာတက်သည်။
အမေရိကန် မိဘတွေနဲ့ မတူတာက အာရှမိဘတွေက သားသမီးတွေနဲ့ ရင်အုပ်မကွာနေကြသည်။ အေမီ ပြောပြတဲ့ အမေရိကန် မိသားစုအချို့ဆိုရင် သားသမီးကို ထားခဲ့ပြီး ဖခင်တစ်ဦးထဲ မိခင်တစ်ဦးထဲ အပန်းဖြေ ခရီးထွက်တာမျိုးတွေ ရှိသည်။ ကလေးတွေလည်း သွားချင်ရာသွား။ အေမီတို့ မိသားစုကတော့ အားလပ်ရက် ဘယ်နိုင်ငံ ဘယ်ခရီးထွက်ထွက် လင်မယားနှစ်ယောက် သမီးနှစ်ယောက်နဲ့ အတူတူ။ သူမဖခင်တုန်းကလည်း သမီးတွေနဲ့ ဒီလိုပဲ မိသားစုလိုက် သွားအတူနေအတူ။
အေမီက အိမ်မှာခွေးနှစ်ကောင် မွေးတော့လည်း တရုတ်စိတ်ဓာတ်နှင့် မွေးသည်။ အေမီက ခွေးချစ်လို့မဟုတ်။ သမီးနှစ်ယောက်က ခွေးခေါ်လာလို့ ဖြစ်သည်။ တရုတ်ဆိုတာ ခွေးချစ်တတ်သူများ မဟုတ်။ အမေရိကန်တွေက ခွေးချစ်ကြသည်။ ခွေးပြိုင်ကြသည်။ ဒီတော့ အေမီက ခွေးကို အာဏာရှင်ဆန်ဆန် ခိုင်းပြီး သူများခွေးထက် သာအောင် လေ့ကျင့်သည်။ ခွေးတွေကို မညှာ အပြင်းအထန်လေ့ကျင့်သည်။ သူများခွေးထက် အရာရာမှာ ထိပ်ဆုံးဖြစ်နေရမည်။ တရုတ်မွေးတဲ့ခွေးက အမေရိကန်မွေးတဲ့ခွေးထက် အစစသာရမည်။
ဆိုဖီယာနဲ့ လူလူတို့က စန္ဒယားနဲ့ တယော ကျောင်းပြိုင်ပွဲတိုင်း ထိပ်ဆုံးက ရှိနေသည်။ သူများကလေးတွေ တစ်နာရီကျင့်ရင် သူတို့ခြောက်နာရီကျင့်ရသည်။ ဂန္တ၀င် တီးလုံးတီးကွက်တွေကို နိုင်ငံတကာ ကျောင်းပြိုင်ပွဲတိုင်း ပထမဆုတွေ ရသည်။ အရွယ်နဲ့မလိုက်အောင် တတ်ကျွမ်းနေလို့ ဂီတပညာရှင်များ အံဩရသည်။
ရွယ်တူ အပြိုင်အဆိုင် သူငယ်ချင်းတွေက အံဩကြီးစွာနဲ့ “နင်တို့ ကျောင်းစာလည်း ထိပ်ဆုံးရအောင် လုပ်ရတယ်။ အိမ်စာလည်း လုပ်ရတယ်။ တရုတ်စာ ရဟူဒီစာတွေလည်း လေ့လာရတယ်။ စန္ဒယားနဲ့ တယောလည်း ခြောက်နာရီ လေ့ကျင့်ရတယ်။ ဘယ်မှာလည်း အနားယူဖို့ အချိန်” ဆိုတော့ ဆိုဖီယာက ပြန်ပြောတယ်။ “ငါတို့အမေက ပြောထားတယ် ငါတို့က တရုတ်၊ တရုတ်ဆိုတာ အားလပ်ချိန်တို့ အနားယူချိန်တို့ မရှိရဘူး” ဟု။
အမေရိကမှာ တရုတ်အုပ်ထိန်းမှုနဲ့ ကြီးလာတဲ့ ဆိုဖီယာနဲ့ လူလူတို့ ယခု အမေရိကန် ထိပ်ဆုံးတက္ကသိုလ်တွေမှာ စတက်နေကြပြီ။ အောင်မြင်တဲ့ တရုတ်နွယ်ဖွား အမေရိကန် မိသားစု ဖြစ်နေသည်။
သို့သော် အေမီရဲ့ စာအုပ်က ငြင်းခုံစရာတွေ အများကြီး ဖြစ်လာခဲ့သည်။ အေမီရဲ့ ကလေးပျိုးထောင်နည်းကို လုံးဝ ရှုံ့ချသူတွေ များသည်။ အထူးသဖြင့် အေမီရဲ့ အာဏာရှင်ဆန်ဆန် သားသမီးတွေအပေါ် လေ့ကျင့်ပေးမှု၊ အမိန့်နာခံခိုင်းမှုက အနောက်တိုင်း ကလေးပျိုးထောင်နည်း၊ ကလေးအခွင့်အရေး၊ ကလေးစိတ်ပညာတို့အတွက် ပြဿနာအများကြီး ရှိနေသည်။
ဒါပေမဲ့ အမေရိကမှာ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနဲ့ အခြားအာရှနွယ်ဖွားကလေးတွေက ပညာရေးမှာ ရှေ့ရောက်နေပြီး ဌာနေအမေရိကန်ကလေးတွေ ပညာရေးမှာ အလွန်ပေါ့လျော့နေသည်။ ဖွံ့ဖြိုးပြီး အိုအီးစီးဒီ ၃၂ နိုင်ငံ ပညာရေးစမ်းသပ်ပြိုင်ပွဲတိုင်း အမေရိကန်ကလေးတွေ နောက်ကောက်ကျနေတတ်သည်။
အနောက်တိုင်း မိဘတွေက သူတို့ကလေးတွေကို အလိုလိုက်လွန်းသည်။ ပညာရေးမှာ ဖောက်ထွက် တွေးခေါ်မှု (critical thinking)၊ ဆန်းသစ်တီထွင်မှု (innovation) တို့အားပေးလွန်းလို့ ဂိမ်းတွေ ကစားပွဲတွေ များလွန်းနေသည်။ တစ်ဖက်က အာရှပညာရေးက အထပ်ထပ်လေ့ကျင့်ကျက်မှတ်ရတဲ့ rote learning ဖြစ်နေသည်။ သို့သော် ကလေးတွေက အသက်ထွက်မတတ် ကြိုးစားကြသည်။ မိဘတွေကလည်း သားသမီးအတွက် အစစ အနစ်နာခံပေးဆပ်ကြသည်။
ယခု အေမီချွာရဲ့ စာအုပ်တွင် ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ပညာရေး စတာတွေမှာ အရှေ့နဲ့ အနောက် ထိပ်တိုက်တိုးမှုကို ဖော်ပြထားသည်။ အေမီကိုယ်တိုင်က သူ့ရဲ့ မိဘအုပ်ထိန်းနည်းမှာ အားနည်းချက်တွေ ရှိကြောင်းလည်း ၀န်ခံထားသည်။
ဒီစာအုပ်ရဲ့ အဓိကအချက်က တရုတ်နဲ့ အာရှသားတွေ ဘာကြောင့် ထိပ်ဆုံးတက်လာသလဲ၊ အမေရိကန် အပါအ၀င် အနောက်မှာ ဘာကြောင့် ကျဆင်းလာသလဲဆိုတဲ့ ပြဿနာကိုလည်း သွယ်ဝိုက်ဖော်ပြထားသည်။ ကလေးပညာရေး စိတ်ဝင်စားသူတိုင်း၊ ကလေးပျိုးထောင်ဖို့ ၀ါသနာရှိသူတိုင်း မဖြစ်မနေ ဖတ်ရမည့် စာအုပ်ဖြစ်သည်။ အေမီချွာအတိုင်း အာဏာရှင်ဆန်ဆန် ကလေးပျိုးထောင်ဖို့တော့ မဟုတ်။ မည်သို့ဆိုစေ မြန်မာဘာသာပြန် အနေဖြင့် ရှိသင့်ရှိထိုက်သော စာအုပ်ကလေးတစ်အုပ် ဖြစ်သည်။
ကျားမေမေရဲ့ တိုက်ပွဲတေးသံ၊ တရုတ် မိဘအုပ်ထိန်းနည်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်