11/06/2011 09:42:00 am
အကြောင်းအရာ။ ။မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြို့တိုးတက်ရေးအဖွဲ့ (ရလဖတဖ)၏ (၄)လ တစ်ကြိမ် ထုတ်ဝေမည့် ဗဟိုစည်မဂ္ဂဇင်းအတွက် စာမူများ တောင်းခံခြင်း။
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရခိုင်လူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း ဆိုင်ရာများ၊ ရခိုင့်တောင်လှန်ရေး၊ နိုင်ငံရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ တိမ်ကောပျောက်ကွယ်နေသည့် ရခိုင်တို့၏ (၀မ်းနည်း) အောက်မေ့ဖွယ်ရာ အကြောင်းအရာများ၊ ရခိုင်ပြည်တွင် လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေး အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး အကြောင်းအရာများ၊ ရခိုင်ပြည်သူများ၏ လူမှုဘ၀အခြေ အနေများကို ထင်ဟပ်စေသော သတင်းဆောင်းပါးများနှင့် ကဗျာများကို မြန်မာနိုင်ငံရှိ ရခိုင်တိုင်းရင်းသားများအပါအ၀င် တခြားတိုင်းရင်းသား ပြည်သူများမှလည်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှူလေ့လာနိုင်ရန်အတွက် မိမိတို့ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြို့တိုးတက်ရေးအဖွဲ့ (ရလဖတဖ)မှ ဗဟိုစည်မဂ္ဂဇင်းကို (၄) လတစ်ကြိမ် ထုတ်ဝေသွားမည် ဖြစ်ပါသည်။
အထက်ဖော်ပြပါ အကြောင်းအရာများအပြင် အခွင့်အရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့် ဒီမိုကရေစီ၊ လူ့အခွင့်ရေး၊ ဖယ်ဒရာယ်စနစ်၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစရှိသည်များကို ပညာပေးသည့် သတင်းဆောင်းပါးများနှင့် ကဗျာများကိုရေးသားထားသည့် စာမူများကိုလည်း လက်ခံလျှက်ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ရခိုင်အမျိုးသား စာပေ၀ါသနာရှင်များအပါအ၀င် တခြားတိုင်းရင်းသား စာပေ၀ါသနာရှင်များအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ အကြောင်းအရာတခုခုကို ရွေးချယ်ရေးသားပြီး စာမူများ ပေးပို့နိုင်ပါသည်။
စာမူများကို ပေးပို့ရာတွင် မိမိတို့ ရလဖတဖ အနေဖြင့် စာပေ၀ါသနာရှင်များ အထူးသဖြင့် ရခိုင်အမျိုးသားများကို မေတ္တာ ရပ်ခံလိုသည်မှာ မိမိတို့ ဗဟိုစည်မဂ္ဂဇင်းကို ရခိုင်ပြည်သူများအပါဝင် မြန်မာနိုင်ငံရှိ တခြားတိုင်းရင်းသား ပြည်သူများကပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှူနိုင်ရန်ရည်ရွယ်၍ ထုတ်ဝေမည်ဖြစ်သည့်အတွက် အများပြည်သူများမှ ဖတ်ရှူနိုင်သည့် ဘာသာစကား (လက်ရှိမြန်မာစာ စကားပြေ)ဖြင့်သာ ရေးသားပေးပို့ကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါသည်။ ပထမအကြိမ်အဖြစ် ဗဟိုစည်မဂ္ဂဇင်း အမှတ် (၁) ကို (၂၂၇)နှစ်မြောက် ရခိုင်တို့၏ အချုပ်အခြာအာဏာကျဆုံးခဲ့သည့် အခုလာမည့် ဒီဇင်ဘာလ (၃၁) ရက်နေ့ကို နောက်ဆုံးထား၍ ထုတ်ဝေဖြန့်ချီသွားမည်ဖြစ်သည့်အတွက် စာမူများကို နိုဝင်ဘာလ (၃၁) ရက်နေ့ကို နောက်ဆုံးထား၍ ပေးပို့စေလိုပါသည်။
ခင်မင်လေးစားလျှက်
အောင်မင်းဦး
အမှုဆောင်ဒါရိုက်တာ
ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ရလဖတဖ)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်